ရင်ထဲခံစားမိသော ဓာတ်ပုံလေးတစ်ပုံ
ဒီဓာတ်ပုံလေးကတော့ညီငယ်သတင်းထောက်တဦးမှတ်တမ်းတင်ထားတဲ့ကျွန်တော်တို့ရဲ့၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်လွတ်မြောက်တဲ့နေ့သရက်မြို့ပေါ်ကဓာတ်ပုံမှတ်တမ်းပါ.
သရက်မြို့ခံအဘွားအိုတဦးမှကိုမင်းကိုနိုင်ကိုဆိုက်ကားနဲ့အမှီလိုက်ကာလှိုက်လံနှုတ်ဆက်ပြီး၊ လက်ဆောင်ထုတ်ကလေး ပေးတဲ့ မျက်ရည်ဝဲဖွယ် မြင်ကွင်းလေးကို မှတ်တမ်းတင်ထားပါ...။
နှစ်ဦးစလုံးရဲ့မျက်နှာပေါ်ကမြင်ကွင်းတွေအဓိပ္ပါယ်တွေရသတွေအများကြီးဖော်ဆောင်နေပါတယ်...။ အမေအိုရဲ့ကိုမင်းကိုနိုင်အပေါ်ထားတဲ့မေတ္တာနဲ့ချစ်ခင်အားကိုးမှုတွေကိုမျက်ဝန်းမှာမြင်နိုင်ပါတယ်ဗျာ...။ ခက်ခဲကြမ်းတမ်းတဲ့ဘဝတွေကိုရင်ဆိုင်ဖြတ်သန်းနေရမယ်ဆိုတာကတော့အမေ့အိုရဲ့အသွင်အပြင်ကိုကြည့်ပြီးခန့်မှန်းနိုင်ပါတယ်...။
သားရယ်အမေတို့ရဲ့ဘဝအမောတွေကိုကယ်တင်ပေးပါလို့ဆိုနေသလား၊ငါ့သားလေးကိုအားကိုးပါတယ်လို့ဆိုလေမလား၊အများအကျိုးအတွက်အနစ်နာခံ၊စတေးခံလုပ်ဆောင်ပေးတဲ့ငါ့သားလေးကျန်းမာ၊ ချမ်းသာပါစေလို့ ဆိုနေသလား...။
အမေတွေနဲ့ဝေးနေရတဲ့ကျွန်တော်တို့တွေအတွက်ခံစားချက်တွေနဲ့အတူလားပေါင်းများစွာမေးခွန်းတွေပေးနေတဲ့ဓာတ်ပုံလေးပါ။မုန့်ထုပ်လေးဟာတန်ဘိုးမရှိလှပေမယ့်အမေအိုရဲ့မေတ္တာမျက်ဝန်းကတော့အင်မတန်မှတန်ဘိုးကြီးမားလှပါတယ်..။ အမိမြန်မာပြည်အနှံအပြားကဒီလိုအမေအိုတွေရဲ့ဘဝအမောတွေ အေးချမ်းစေချင်ပါပြီ..။
ပြီးခဲ့တဲ့၁၃ရက်နေ့သောကြာနေ့ဟာမြန်မာပြည်သူတွေပျော်မဆုံးဖြစ်ခဲ့ရတဲ့နတ်၊လူသာဓုခေါ်မယ့် နေ့ဆိုလည်းမမှားပါဘူး...။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတကြီးဦးသိန်းစိန်အစိုးရကြားညှိနှိုင်းဆွေးနွေးမှုတွေကရရှိထွက်ပေါ်လာတဲ့ရလာဒ်တခုပါပဲ...။၁၉၈၈ခုနှစ်ကနေယနေ့အထိ၂၄နှစ်တာကာလအတွင်းမမြင်မတွေ့နိုင်ခဲ့ရတဲ့လက်ရှိမြန်မာပြည်ရဲ့ပြောင်းလဲလာတဲ့နိုင်ငံရေးအခင်းအကျဉ်းတွေပါပဲ...။၂၄နှစ်တာကာလပတ်လုံးလူထုခေါင်းဆောင်နဲ့၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ တဦးနဲ့တဦး အဆက်အသွယ် ဖြတ်ထားခြင်းခံရပြီး အထဲဝင်၊ အပြင်ထွက် လွဲနေ၊ တမင်လွဲအောင် စံနစ်တကျ လုပ်ထား ခံခဲ့ရတာတွေဟာ ယခုတော့ အားလုံး အတူတကွ မြင်တွေ့ရတော့မှာပါ..။
ညအမှောင်မိုက်ထဲကလငပုပ်ဖမ်းထားခံနေရတဲ့အဖြစ်တွေကနေကနေ့မှာတော့ကျွန်တော်တို့တိုင်းပြည်မှာလပြည့်ဝန်းကြီးနဲ့ကြယ်တွေစုံပြီးတောက်ပလင်းလက်တဲ့အနာဂတ်ကောင်းကင်ကိုမြင်တွေ့ရတော့မယ့် ကြယ်တွေစုံတဲ့ညလို့တင်စားပါရစေ...။အနှစ်နှစ်အလလပြည်သူအတွက်တိုက်ပွဲဝင်ရင်းအသက်တွေ၊ ဘဝတွေ၊ အချိန်တွေကို စတေးခံခဲ့ရတဲ့ သူရဲကောင်းတွေပေါတဲ့ ကျွန်တော်တို့ တိုင်းပြည်ပါ...။
လာမယ့်အနာဂတ် နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ကျွန်တော်တို့အားလုံး လက်တွဲ လုပ်ဆောင် ကြရတော့မယ့်အချိန်ရောက်ရှိနေပါပြီ.။တမြေတည်းနေ၊တရေတည်းသောက်တိုင်းရင်းသားအချင်းချင်းအသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနိုင်ငံသားကောင်းတွေ၊ဘဏ္ဍာတွေဆုံးရှူံးနေရတဲ့တိုင်းရင်းသားညီအစ်ကိုတွေ နေထိုင်ရာဒေသကစစ်ပွဲတွေကို အမြန်ဆုံးရပ်တန့်ဘို့လိုအပ်နေပါပြီ။အိမ်ကြက်ချင်းခွပ်နေရတဲ့အခြေအနေကိုတာဝန်ရှိပြီးတာဝန်ယူဖြေရှင်းပေးနိုင်တဲ့နိုင်ငံတော်အစိုးရမှအမြန်ဆုံး ရပ်တန့်အောင်ဖော်ဆောင်ပေးစေလိုပါတယ်..။အကျဉ်းထောင်တွင်းမှာနိုင်ငံရဲ့လုပ်အားတွေဆုံးရှုံးနေရတဲ့ကျန်ရှိနေသေးတဲ့နိုင်ငံရေးအကျဉ်းသားတွေဆက်လက် လွှတ်ပေးစေလိုပါတယ်..။ယခုလိုပြည်သူအများမျှော်လင့်တောင့်တနေကြတဲ့နိုင်ငံရေးအကျဉ်းသားတွေပြန်လည်လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့အမိန့်ထုတ်ပြန်ပေးခဲ့တဲ့ သမ္မတကြီးဦးသိန်းစိန်အားလည်း ကျေးဇူးတင်ပါတယ်..။
အထက်ကအမေအိုတို့လိုပြည်သူ၊ပြည်သားတွေရဲ့ဘဝအမောတွေဖြေဖျောက်ပေးနိုင်ဖို့စိတ်ကောင်း၊စေတနာကောင်းနဲ့ ပြည်သူ့အကျိုးအတွက်ဆက်လက်ဆောင်ရွက်ပေးပါလို့သမ္မတကြီးအားမေတ္တာရပ်ခံအပ်ပါတယ်..။အိမ်နီးချင်းနိုင်ငံတွေကိုအမှီလိုက်နိုင်ဖို့ကျွန်တော်တို့အားလုံးကျရာကဏ္ဍကနေအားသွန်ခွန်ဆိုက်ကြိုးစားကြရပါတော့မယ်..။ကြယ်တွေစုံတော့မယ့်အနာဂတ်မိုးကောင်းကင်မှာအားလုံးနိုင်ငံအကျိုးအတွက်ဝိုင်းဝန်း၊ဆွေးနွေးတိုင်ပင်အဖြေရှာကြရအောင်ဗျာ..။မြန်မာပြည်ကြီးအမြန်ငြိမ်းချမ်း သာယာပါစေ..။
ရင်သို့ထိမှန်စေသော ဘ၀ပုံရိပ်လေးကိုခံစားမိလို့
ဒီမိုဝေယံ မှ ကူးယူဖော်ပြပါသည်
ဓာတ်ပုံ ပိုင်ရှင်ကတော့ ညီငယ်လေး Jpaingပါ...။