<<< ♥ ဘ၀ပုံရိပ်"♥ မှ နွေးထွေးစွာကြိုဆိုပါတယ်>>> ဘ၀ရဲ့ နေ့သစ်တိုင်းမှာ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ.. ဘ၀ပုံရိပ်ဆိုသည်မှာ မိမိ၏ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံတို့ကို ဆိုလိုပါသည်။ မိမိ၏ ဘ၀ပုံရိပ်က မိမိ၏ အသက်မွေးမှု ဘ၀လမ်းကြောင်းတွင် အခက်အခဲ အတားအဆီးဖြစ်နေစေပါသလား။ သို့ဆိုလျှင် ပီပြင်ကြည်လင် နှစ်လိုဖွယ်ရာကောင်းသော ပုံရိပ်ကို ဖော်ထုတ်ခြယ်မှုန်းခြင်း ဖြင့် ယင်းအခက်အခဲကို ကျော်လွှားနိုင်ပါသည်။ ထို့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားထား ( Self Respect) ပြုမှုနေထိုင်ရသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားထား (Self-Confidence) ရသည်။ ကိုယ်တာဝန်ကိုယ် သိတတ်ကျေပွန် ( Self-Responsibility) ရသည်။ ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား (self-esteem) တတ်အောင် ပြုစုပျိုးထောင်းခြင်းပင်ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား မှုသည်မိမိကိုယ်ကို မိမိ တွေးမြင်ပုံ၊ သိရှိနားလည်ပုံတို့နှင့် အဓိက ဆက်စပ်နေပါသည်။ ကိုယ့်ကိုယ်ကို “ငါဘယ်သူလဲ၊ ဘာလဲ” အရှိအတိုင်း မြင်အောင်ကြည့်တတ်ရပါမည်။ ထိုသို့ ကြည့်ရှုရာမှ တွေ့ရှိရသော အမြင်အပေါ် အခြေပြုကာ မိမိ၏ပုံရိပ်ကို နှစ်လိုဖွယ်ရာ ကောင်းအောင် ပုံဖော်ရသည်။ ထိုကဲ့သို့ မိမိ၏ ပုံရိပ်ကို ဖော်ထုတ်ခြင်းမှာ မိမိ၏ ဘ၀ကြီးပွာရာကြီးပွားကြောင်း၊ မိမိကိုယ်ကို မိမိ ယုံကြည် အားထားမှု ရှင်သန်ရာ ရှင်သန်ကြောင်း မျိုးစေများချထားရာ ရောက်ပေသည်။ ထို့အပြင် မိမိကိုယ်ကို မိမိရှုမြင်သော မိမိ၏ အမြင်နှင့် ကိုယ့်အပေါ်မြင်နေကြသော ပတ်ဝန်းကျင်၏ အမြင်တို့အကြား သဟဇာတဖြစ်အောင် ဆက်စပ်ပေးရာ လည်းရောက်ပေသည်။ ပီပြင်နှစ်လိုဖွယ်ကောင်းသော ပုံရိပ်သည် အသက်မွေးမှုခရီးလမ်းတွင် အရာရာသော အောင်မြင်မှုများအတွက် အခြေခံအုတ်ဖြစ်ဖြစ်သည်။ ထို့အပြင် အမျိုးမျိုး အဖုံဖုံသော အခက်အခဲများအတားအဆီးများကို ဖြတ်ကျော်ရာတွင် ထိရောက်မှန်ကန်သော လမ်းကြောင်းပေါ်သို့ တင်ပေးနိုင်သည့် စွမ်းအားလည်းဖြစ်ပေသည်။

Wednesday, February 29, 2012

“အနာထပိဏ်လိုနှလုံးသား”


သို့ /
ဒေါ်ညိုညိုစန်း
၂၀.၃.၂၀၀၈
တပည့်ဒကာမ ဒေါ်ညိုညိုစန်းထံ ဘုန်းဘုန်းစာရေးလိုက်တယ်။ စာရေးချင်တာကတော့ ကြာပါပြီ။ စာတစ်ခါရေးလိုက် ဆေးသောက်လိုက် လုပ်နေရတော့ စာထဲကို စိတ်မနှစ်ရဲသေးလို့ မရေးဖြစ်တာပါ။အခုတော့ လက်တလော အကြောင်းအရာလေးတွေက ရေးစရာဖြစ်လာလို့ မရေးဘဲ မနေနိုင်တာနဲ့ ရေးချလိုက်ပါပြီ။ ၂၅.၂.၂၀၀၈-နေ့မှာ မန္တလေးမြို့ ရတနာပုံဈေးကြီး မီးလောင်ကြောင်း မြေညီထပ် (ဃ)ရုံမှ ဆိုင်အမှတ် (၂၆၁) မှစ-လောင်ကြောင်း၊ လျှပ်စစ်ဝိုင်ယာရှော့ခ်ဖြစ်ရာမှ စ-လောင်ခြင်း ဖြစ်ကြောင်း၊ စုစုပေါင်း ဆိုင်ခန်း(၁၅၅၈)ခန်း လောင်ကျွမ်းသွားခဲ့ကြောင်း၊ ဂျာနယ်တော် တော်များများမှာ ဖတ်လိုက်ရတယ်။ ၅.၃.၂၀၀၈-နေ့မှာ သန်းစိုးဝင်းလာတော့မှ ဒေါ်ညိုညိုစန်းဆိုင် ပါသွားကြောင်း သိရတယ်။ မနှစ်က အငှါးဆိုင်ခန်းနှင့် ဖွင့်ခဲ့ပြီး၊ ဒီနှစ် ကိုယ်ပိုင်ဆိုင်ခန်းနှင့် အထည်ဆိုင်ဖွင့်တော့မှပဲ မီးထဲပါသွားတာနဲ့ ကြုံရလို့ ဒေါ်ညိုညိုစန်းတို့ မိသားစုအနေနဲ့ အတော့်ကို စိတ်သောကရောက်ကြမှာပဲလို့ တွေးမိသေးတယ်။ ဒီလိုအကြောင်းတိုက်ဆိုင်မှုလေးတွေရှိတော့မှ စာပိုရေးကောာင်းလာတယ်။ မီးဘေးသင့် ဒကာ/ဒကာမတွေ သောကတွေ ပြေပါစေဆိုတဲ့ ဆန္ဒနဲ့ ဓမ္မပုံဝတ္ထုလေးတွေနဲ့ စာရေးလိုက်တာပါ။
                                                 “အနာထပိဏ် စီးပွာပျက်ခြင်း”
          အနာထပိဏ်သူဌေးကြီးဟာ ရွှေငွေဥစ္စာ၊ တန်ဖိုးတစ်ရာ့ရှစ်ကုဋေ ချမ်းသာသူဖြစ်ပါတယ်။ အဲဒီထဲကမှ ငါးဆယ့်လေးကုဋေ အကုန်ကျခံပြီး ကျောင်းဆောက်လှူခဲ့ပါတယ်။ ကျန်ငါးဆယ့်လေးကု ဋေကိုတော့ တစ်ဆယ့်ရှစ်ကုဋေစီ သုံးပုံပုံပြီး၊ တစ်ပုံကို သုံးစွဲလှူဒါန်း၊ တစ်ပုံကို ရင်းနှီးမြှုပ်နှံ၊ တစ်ပုံကို သိမ်းဆည်းမြှုပ်နှံထားခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုပါတော့ လှူဒါန်းသုံးစွဲဖို့ထားတဲ့ ငွေတွေ
ကုန်သွားချိန်မှာမှ ကျန်နှစ်ပုံပါ ဆုံးရှုံးသွားတာနဲ့ ကြုံရပါတယ်။ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေဟာ လုံဝ ပြန်မရတော့ဘဲ ဆုံးရှုံးသွားပါတယ်။ သူဌေးအချင်းချင်း ၊ ကုန်သည်အချင်းချင်းထံ ငွေထည့်ပြီး ရင်းနှီးထားတဲ့ ငွေတစ်ဆယ့်ရှစ်ကုဋေလုံး ဆုံးရှုံးသွားတာပါ။ အခုခေတ် အစုရှယ်ယာဝင်ထားသလိုမျိုး ထည့်ဝင်ထားတဲ့ ငွေတွေဆုံးရှုံးခဲ့တာပါ။ အရိယာသူတော်ကောင်းဆိုတော့လည်း ရုံးတွေ ဂတ်တွေနဲ့ ရင်မဆိုင်ချင်လို့နေမှာပေါ့၊ သူဌေးကြီးဟာ တစ်ကိုယ်ထဲကြိတ်ပြီး လှိမ့်ခံနေရရှာပါတယ်။ အဲဒီအချိန်မှာ မြေကြီးထဲ တွင်းတူးမြှုပ်နှံထားတဲ့ ကျန်တစ်ဆယ့်ရှစ်ကုဋေ တန်းဖိုးရှိတဲ့ ရွှေငွေတွေဟာလည်း ရေကြီးပြီးကမ်းပါးပြိုလို့ ရေတိုက်စားတဲ့ထဲ ပါသွားခဲ့ပြန်ပါတယ်။ သာမန်ပုထုဇဉ်ဆိုရင်တော့ ယူကြုံးမရ အပူလုံးကြွပြီး အရူးမီးဝိုင်းဖြစ်ပေမပေါ့။ အခုတော့ အနာထပိဏ်သူဌေးကြီးဟာ သောတာပန်အရိယာ ဖြစ်လေတော့ သဒ္ဓါတရားခိုင်မြဲပြီး ဘုရားတရားအပေါ်မှာ လုံးဝသံသယမဖြစ်ခဲ့ပါဘူး။ ကံနှင့် ကံရဲ့အကျိုးသက်ရောက်မှုအပေါ်မှာ လုံးဝသံသယမ၀င်ခဲ့ပါဘူး။
တစ်နေ့သုံးကြိမ် ဘုရားထံဆည်းကပ် မြဲအတိုင်း ၀တ်မပျက် ဆည်းကပ်နေလျက်ပါ။ မနက်စောစောသွားတဲ့အခါ လှူဖွယ်အဖြစ် ယာဂု(ဆန်ပြုတ်) ယူသွားပါတယ်။ နံနက်စာစားပြီးချိန်မှာ  (နေ့ဆွမ်းအတွက်)  ထောပတ်ဆီဦးစတဲ့ ဆေးဖက်ဝင် အာဟာရတွေ ယူသွားပါတယ်။ ညချမ်းအခါမှာတော့ ပန်းနံ့သာ၊ နံ့သာပျောင်း၊ အ၀တ်ပုဆိုးတွေ ယူသွားပါတယ်။ သူဌေးကြီးစီးပွားပျက်ချိန်မှာတော့ ဒီလှူဖွယ်တွေဟာ မွန်မွန်မြတ်မြတ်တွေတော့ မဟုတ်တော့ဘူးပေါ့။ ကျောင်းကို တစ်နေ့သုံးကြိမ်သွားတဲ့အခါ လှူစရာတန်းစရာတွေ မပါဘဲ မသွားသလို၊ အိမ်မှာလည်း နေ့စဉ် ရဟန်းသံဃာတွေကို ဆွမ်းကပ်လှူမြဲလှူနေပါတယ်။
                                       “ဝေလာမသုတ္တန်ဟောတော်မူခြင်း”
          တစ်နေ့မှာ မြတ်စွာဘုရားက သူဌေးကြီးကို “သူဌေးကြီး - ဒါယကာသူဌေးကြီးအိမ်၌ အလှူ လှူရ၏လော”လို့ မေးပါတယ်။ ဒီအခါ သူဌေးကြီးက “မြတ်စွာဘုရား- လှူရပါ၏။ လှူရပါသော်လည်း ထိုအလှူသည် ပုန်းရည်ဟင်းလျှင် နှစ်ခုမြောက်ရှိသော ဆန်ကွဲဆွမ်း ဖြစ်ပါသည်ဘုရား”လို့ ပြန်လျှောက်ထားပါတယ်။ ဆိုလိုတာကတော့ ဆန်ကွဲဆွမ်းနဲ့ ပုန်းရည်ဟင်းပဲလှူနိုင်ပါတော့တယ်ပေါ့။     
ဒီအခါ ဘုရားက “ဒါယကာကြီး ခေါင်းပါးသောအလှူကို လှူရ၏တကားဟု မကြံလင့်၊ စိတ်မွန်မြတ် သည်ရှိသော် ဘုရားစသည်တို့အား လှူသောအလှူသည် ခေါင်းပါးသောမည်သည်မရှိ။ စင်စစ်မူကား သင်ဒါယကာကြီးသည် ရှစ်ယောက်သော အရိယာပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူရလေပြီ။ ငါဘုရားသည် ဝေလာမပုဏ္ဏားဖြစ်သောအခါ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို ထွန်တုံးကင်းအောင်ပြု၍ ကြီးစွာသောအလှူကို ဖြစ်စေလတ်သည်ရှိသော် သရဏဂုံတည်သော တစ်စုံတစ်ယောက်သောသူကို မျှလည်း မရခဲ့။ မြတ်သောအလှူခံပုဂ္ဂိုလ်တို့မည်သည် ဤသို့လျှင် ရခဲကြကုန်၏။ ထို့ကြောင့် ငါ၏ အလှူသည် ခေါင်းပါးလှ၏တကားဟူ၍ မကြံလင့်”။ လို့ မိန့်တော်မူပြီး ဝေလာမသုတ္တန်ကို ဟောတော်မူပါတယ်။
          သူဌေးကြီးစီးပွားပျက်ပြီး မွန်မွန်မြတ်မြတ် မလှူဒါန်းရလို့ စိတ်မကောင်းဖြစ်နေချိန်မှာ ဘုရားက သူဌေးကြီးသက်သာရာရအောင် အားပေးနှစ်သိမ့်တာပါ။ ဆန်ကွဲထမင်းနဲ့ ပုန်းရည်ဟင်းပဲလှူရတယ် ဆိုပြီး အားငယ်မနေနဲ့ အလှူပေးပုဂ္ဂိုလ်နဲ့ လှူဖွယ်ဝတ္ထုမှာ အလှူပေးပုဂ္ဂိုလ်က အဓိက။ အလှူပေး ပုဂ္ဂိုလ်ရဲ့ စေတနာမွန်ုမြတ်ရင် အလှူအကျိုးကြီးမြတ်ပါတယ်။ အလှူခံပုဂ္ဂိုလ်နဲ့ လှူဖွယ်ဝတ္ထုမှာလည်း အလှူခံပုဂ္ဂိုလ်က အဓိက။ အလှူခံပုဂ္ဂိုလ် စင်ကြယ်မြင့်မြတ်တယ်ဆိုရင် အလှူအကျိုးဟာ ကြီးကျယ် မြင့်မြတ်ပါတယ်။ သူဌေးကြီးဟာ စေတနာလည်း မွန်မြတ်သူဖြစ်တယ်။ သူဌေးကြီးရဲ့ နေ့စဉ်အလှူကို ကြွရောက်ချီးမြှောက်တဲ့ သံဃာတော်တွေထဲမှာ အရိယာသံဃာတွေပါတယ်။ ဒါကြောင့် အလှူခံပုဂ္ဂိုလ်တွေကလည်း မြင့်မြတ်စင်ကြယ်ကြတယ်။ အလှူရှင်ရဲ့ စေတနာမြင့်မြတ်ခြင်း အလှူခံပုဂ္ဂိုလ်တို့ရဲ့ ကိုယ်ကျင့်သီလ မြင့်မြတ်ဖြူစင်ခြင်းကြောင့် မြင့်မြတ်သောအကျိုးကို ခံစားရမှာဖြစ်လို့ သင်သူဌေးကြီး အားမငယ်ပါနဲ့။ ငါဘုရား ဝေလာမပုဏ္ဏားဘ၀တုန်းက ဇမ္ဗူဒိပ်ကျွန်းကို ထွန်းတုံးပိတ်(မီးခိုတိတ်)အောင် လုပ်ပြီး လှူဒါန်းခဲ့တာတောင် ၊ အလှူခံပုဂ္ဂိုလ်တွေထဲမှာ
သရဏဂုံတည်သူ တစ်ယောက်တလေမှ မပါခဲ့ဘူး။ ဒါကြောင့် သင်သူဌေးကြီး အလှူက မြင့်မြတ်ပါတယ်လို့ ဆိုလိုပါတယ်။
                                              “နတ်ဆိုးအကြံ”
          လူတွေမှာ မကောင်းတဲ့ လူတွေရှိသလို နတ်တွေမှာလည်း မကောင်းတဲ့ နတ်တွေရှိပါတယ်။ မကောင်းတဲ့နတ်တွေဆိုတော့ မကောင်းတဲ့လူတွေလိုပဲပေါ့။ မကောင်းတဲ့ အကြံကို ကြံစည်တယ်။ မကောင်းတဲ့စကားကို ပြောဆိုတယ်။ မကောင်းတဲ့အလုပ်ကို ပြုလုပ်ပါတယ်။ အခုလည်း “ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာ”ဆိုသလို အနာထပိဏ်သူဌေးကြီး စီးပွားပျက်ခါမှ နတ်မိစ္ဆာရဲ့ ဒုက္ခပေးခြင်း ကို ခံခဲ့ရပြန်ပါတယ်။
          သူဌေးကြီးအိမ်ဝိုင်းမှာ တံခါးမုခ်လေးခုရှိပါတယ်။ စတုရန်းအိမ်ဝိုင်းရဲ့ တူရူအရပ်မျက်နှာ တိုင်းမှာ တံခါးမုခ်တစ်ခုစီထားရှိတာပါ။ အရှေ့မုခ် အနောက်မုခ်စသည်ပေါ့။ အဲဒီလေးခုထဲက အ၀င်မုခ် တစ်ခုမှာနေတဲ့ နတ်သားတစ်ယောက်ဟာ သူဌေးကြီးအိမ်ကို မြတ်စွာဘုရားကြွမလာအောင်၊ ရဟန်း သံဃာတွေ ကြွမလာအောင် သူဌေးကြီးကို တားမြစ်ခိုင်းဖို့ အချိန်အခါကို စောင့်နေပါတယ်။ စည်းစိမ်ဥစ္စာ ပြည့်စုံနေချိန်မှာ စည်းရုံးလို့ မရနိုင်လို့ အခုလိုစီးပွားပျက်ချိန်ကို အသုံးချလိုက်တာပါ။ မြတ်စွာဘုရားနဲ့ ရဟန်းသံဃာတွေ သူဌေးကြီးအိမ်ကို ဘာကြောင့် မကြွလာစေချင်တာလည်းဆိုတော့  မြတ်စွာဘုရား၊ ရဟန်းသံဃာတွေ ကြွလာတဲ့အခါ မြတ်စွာဘုရား၊ ရဟန်းသံဃာတွေရဲ့ ဘုန်းတန်ခိုး ကြောင့် မုခ်စောင့်နတ်ဟာ နေရထိုင်ရခက်လာပါသတဲ့။ အဲဒီလို မနေနိုင် မထိုင်နိုင်ဖြစ်နေလို့ မုခ်စောင့်နတ်ဟာ ဘုရားကို မလာစေချင်တာ၊ သံဃာကို မလာစေချင်တာပါ။ ဒါပေမဲ့ ဘုရားနဲ့သံဃာကို သူက တားနိုင်စွမ်းမရှိလို့ သူဌေးကြီးကို အယူမှားအောင်၊ အလှူအတန်း မလုပ်အောင် စည်းရုံးလိုတဲ့ အကြံဖြစ်ပေါ်လာတာပါ။

  တစ်ညဥ့်မှာ နတ်ဆိုးဟာ သူဌေးကြီးရဲ့ ကျက်သရေတိုက်ခန်းထဲဝင်ပြီး ကိုယ်ထင်ရှားပြပါတယ်။ “ကျွန်ုပ်ဟာ သူဌေးကြီးရဲ့ လေးခုမြောက်တံခါးမုခ် (မြောက်မုခ်) စောင့်နတ်ဖြစ်ပါတယ်။ သူဌေးကြီးကို ဆုံးမဖို့ လာခဲ့ခြင်းဖြစ်ပါတယ်”။ ဒီလို သူ့ကိုယ်သူမိတ်ဆက်ပြီး လာရခြင်းအကြောင်းကိုပြောတော့ သူဌေးကြီးက အကောင်းထင်ပြီး နားထောင်နေပါတယ်။ ဒီအခါ နတ်ဆိုးက `သူဌေးကြီး သင်ဟာ အရင်က ရှေ့ရေးကို မကြည့်ဘဲ ရဟန်းဂေါတမ သာသနာမှာ ဥစ္စာများစွာကို ဖရိုဖရဲ ဖြန့်ကြဲခဲ့တယ်။ ခုလို စီးပွားပျက်လို့ ဆင်းရဲနေချိန်မှာတောင် မမှတ်သေးဘဲ ဖြန့်ကြဲနေတုန်းပဲ။ ဒီလိုသာ ဖြန့်ကြဲနေရင် နောက်နှစ်ရက် သုံးရက်လောက်ဆိုရင် သင့်မှာ စားစရာဝတ်စရာတောင် ရှိတော့မှာ မဟုတ်ဘူး။ ရဟန်းဂေါတမဟာ သင့်အတွက် ဘာအကျိုးရှိမှာလဲ၊ အခုလို ပရမ်းပတာ ပေးကမ်းစွန့်ကြဲခြင်းမှ ရှောင်ကြဉ်ပြီး စီးပွားရေးပြန်လုပ်ပါမှ စည်းစိမ်ဥစ္စာတွေ  ပြန်လည်ရရှိလာပြီး ချမ်းသာစွာ နေရမှာ ဖြစ်တယ်`လို့ မိစ္ဆာဝါဒကို ညွှန်ပြပို့ချပါတော့တယ်။
          ဒီအခါ သူဌေးကြီးက `ဒါဟာ သင်နတ်မင်းရဲ့ အဆုံးအမလား၊ ဒါဆို- အခုထွက်သွားပါ။ သင်လို မိစ္ဆာနတ်မျိုး အထောင် အသောင်းကတောင် ငါ့သဒ္ဓါတရားကို ကိုင်မလှုပ်နိုင်၊ မချောက်ချားနိုင်ဘူး။ သင်ဟာ မသင့်လျော်သော မိစ္ဆာစကားကို ငါ့လာပြောတယ်၊ ငါ့အိမ်မှာ သင်နေခြင်းဖြင့် ဘာအကျိုးမှ မရှိနိုင်၊ အခုချက်ချင်း ငါ့နေအိမ်မှ ထွက်ခွာသွားပါ`ဆိုပြီး နတ်မိစ္ဆာကို နှင်ထုတ်လိုက်ပါတယ်။
                                       “နတ်ဆိုးအကြံ နတ်ဆိုးခံရ”
          နတ်မိစ္ဆာဟာ သောတာပန်အရိယာတစ်ယောက်ရဲ့ အမိန့်အာဏာကို မလွန်ဆန်ရဲလို့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်ပြီး ဆောက်တည်ရာမရဖြစ်နေပါတယ်။ နောက်ဆုံး သူဌေးကြီးရဲ့ အမိန့်အတိုင်း အိမ်က ထွက်သွားရပါတော့တယ်။ နတ်ဆိုးထင်ထားတာက သူဌေးကြီးဟာ အလှူ ပေးလို့ ဆင်းရဲရတယ်။ အလှူမပေးရင် ပြန်ချမ်းသာမယ်။ အခုချိန်မှာဆို ဆင်းရဲဒဏ်မခံနိုင်လို့ အလှူပေးခြင်းမှ ရပ်တန့်သွားမှာပဲလို့ ထင်ထားခဲ့ပါတယ်။ အခုတော့ သူထင်သလို ဖြစ်မလာလို့
 သူ့အကြံဟာ သူ့ကိုပဲ ပြန်ပြီး ဒဏ်ခတ်ပါတော့တယ်။ သာမန်ပုထုဇဉ်လူသားတွေကို ဆင်းရဲခြင်း တရားနဲ့ ခြိမ်းခြောက်လို့ရပေမယ့် အနာထပိဏ်လို အရိယာသူတော်ကောင်းကြီးကို ဆင်းရဲခြင်းတရားနဲ့ ခြိမ်းခြောက်လို့ မရနိုင်ဘူးဆိုတာကို နတ်မိစ္ဆာသိရချိန်မှာ နတ်မိစ္ဆာဟာ ကလေးတွဲလောင်းနဲ့ ခိုကိုးရာမဲ့ ဒုက္ခရောက်နေပါပြီ။
နတ်မိစ္ဆာဟာ ကလေးတွေခေါ်ပြီး တစ်မြို့လုံးလှည့်လည်သွားလာနေပေမယ့် နေစရာရှာလို့ မတွေ့ရှာပါဘူး။ နောက်ဆုံးတော့ သူဌေးကြီး အိမ်မှာပဲ ပြန်နေချင်စိတ် ပေါက်လာပါတယ်။ မြို့စောင့် နတ်အကူအညီနဲ့ သူဌေးကြီးကို တောင်းပန်မယ်။ တောင်းပန်လို့ သူဌေးကြီးက ပြန်နေခွင့်ပြုရင် ပြန်နေမယ်ဆိုတဲ့ အကြံနဲ့ မြို့စောင့်နတ်ကြီးထံ အကူအညီ သွားတောင်းပါတယ်။ အရိယာသူတော် ကောင်းကြီးကို ပြစ်မှားခဲ့တဲ့ အပြစ်က ကြီးမားလို့ မြို့စောင့်နတ်ကြီးကလည်း ကြားဝင်ပြီး တောင်းပန် မပေးရဲပါဘူး။ ဒီလိုနဲ့ စာတုမဟာရာဇ် နတ်မင်းကြီးလေးယောက်ထံ ရောက်သွားပါတယ်။
နတ်မင်းကြီး တို့ကလည်း မတတ်နိုင်ကြပါဘူး။ အဲဒီနောက် သိကြားမင်းထံ ရောက်သွားပါတယ်။ သိကြားမင်းက မိစ္ဆာနတ်ကို ဒဏ်တပ်လိုက်ပါတယ်။ အဲဒီဒဏ်ကတော့ ဆုံးရှုံးသွားတဲ့ အကြွေး(အစုရှယ်ယာ)ငွေ နှစ်ဆယ့်ရှစ်ကုဋေကို တရားသောနည်းနဲ့ ရအောင်ပြန်တောင်းပေးရမယ်။ ရေထဲမျောပါသွားတဲ့ တစ်ဆယ့်ရှစ် ကုဋေတန်ဖိုးရှိတဲ့ ရွှေငွေတွေကို ပြန်ဆယ်ပေးရမယ်။ လူသူကင်းမဲ့တဲ့ တောတောင်ရေမြေတွေမှာ ပိုင်ရှင်မဲ့ ဖြစ်နေတဲ့ တစ်ခြားသော ရွှေငွေလက်ဝတ်ရတနာတွေကိုလည်း ရှာဖွေယူဆောင်ပေးရမယ်။ ဒီဒဏ်သုံးခုကို ထမ်းဆောင်ပြီး သူဌေးကြီးရဲ့ အလွတ်အခွန်ဖြစ်နေတဲ့ ဘဏ္ဍာတိုက်တွေကို ဖြည့်ပြီးမှ သူဌေးကြီးကို တောင်းပန်ရမယ်လို့ အမိန့်ချမှတ်လိုက်ပါတယ်။

                                                   "ဒဏ်ထမ်းသူနဲ့ ကံထမ်းသူ”
မုခ်စောင့်နတ်ဟာ သိကြားမင်းညွှန်ကြားလိုက်တဲ့ အတိုင်း ဒဏ်သုံးခုကို ထမ်းသောအားဖြင့် သူဌေးကြီးရဲ့ ဘဏ္ဍာတိုက်အခွန်တွေကို ရွှေငွေရတနာ ဥစ္စာစပါးတွေနဲ့ ပြန်ဖြည့်ခဲ့ပါတယ်။ အဲဒီနောက် သူဌေးကြီးထံ အခုလို တောင်းပန်ရှာပါတယ်။  
          ကျွန်ုပ်သည် အသင်သူဌေးကြီး၏ လေးခုမြောက်သော တံခါးမုခ်၌စောင့်သော အလွန်မိုက်မဲ တွေဝေသော နတ်ဖြစ်ပါသည်။ ကျွန်ုပ်သည် အလွန်မိုက်မဲတွေဝေသောကြောင့် အရှင်သူဌေးကြီး၏ အထံ၌ အပြစ်ကို ပြုမိပါချေပြီ၊ ထိုအပြစ်ကို သည်းခံတော်မူပါ။ ကျွန်ုပ်သည် သိကြားမင်း၏ စကားဖြင့် ငါးဆယ့်လေးကုဋေသော ဥစ္စာကို စုရုံးဆောင်ယူ၍ အချည်းနှီးသော တိုက်ခန်းများ ပြည့်အောင် ဒဏ်အမှုကို ပြုပြီးပါပြီ။ နေစရာနေရာကို မရခြင်းကြောင့် ပင်ပန်းလှပါ၏။
သူဌေးကြီးကလည်း “ဤနတ်ကား ဒဏ်အမူကိုလည်း ကျွန်ုပ်ပြုပြီးပါပြီဟုဆို၏။ မိမိ၏အပြစ်ကိုလည်း ၀န်ခံ၏။ ဘုရားသဗ္ဗညုအား ထိုနတ်ကို ပြဦးအံ့”ဟုကြံပြီး နောင်တရှင်နတ်သားကို ဘုရားထံခေါ်သွားခဲ့ပါတယ်။
ဘုရားထံ မှောက်ရောက်တဲ့အခါ နတ်သားက ဘုရားကို လျှောက်ထားတောင်းပန်ပါတယ်။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဘုရားတပည့်တော်သည် အလွန်မိုက်မဲတွေ ဝေခြင်းကြောင့် ရှင်တော်မြတ် ဘုရားတို့၏ ဂုဏ်ကျေးဇူးတို့ကို မသိသဖြင့် ယုတ်မာသောအမူဖြစ်သော စကားကို ဆိုမိပါချေပြီ၊ ထိုအပြစ်ကို တပည့်တော်အား သည်းခံတော်မူကြပါဘုရား”အဲဒီလို တောင်းပန်လျှောက်ထားပြီးနောက် မုခ်စောင့်နတ်က မြတ်စွာဘုရားကို ရှိခိုးကန်တော့ပါတယ်။ ပြီးနောက် သူဌေးကြီးကိုလည်း ရှိခိုးကန်တော့ပါတယ်။
          နတ်သားဟာ သူဌေးကြီးကိုလည်း ပြစ်မှားခဲ့တယ်၊ မြတ်စွာဘုရားကိုလည်း ပြစ်မှားခဲ့တယ်။ မြတ်စွာဘုရားသာသနာကိုလည်း ပြစ်မှားခဲ့တယ်။ အဲဒီပစ္စုပ္ပန်ကံကြောင့် မျက်မှောက်ဘ၀မှာပဲ ဒုက္ခ ရောက်ခဲ့ရပြီး မျက်မှောက်ဘ၀မှာပဲ အပြစ်ကို ၀န်ချတောင်းပန်ခဲ့ရတယ်။ မျက်မှောက်ဘ၀မှာပဲ အပြစ်ဒဏ်ထမ်းဆောင်ခဲ့ရတယ်။ ဒါကြောင့် သူဟာ ဒဏ်ရောကံပါ နှစ်ရပ်စလုံးကို ထမ်းခဲ့ရသူဖြစ်ပါတယ်။
          သူဌေးကြီးကတော့ အတိတ်ဘ၀တစ်ခုတုန်းက ပြုခဲ့တဲ့ အကုသိုလ်တွေကို ခါးစီးခံခဲ့ရပါတယ်။ ဒါကြောင့် အကြွေးဆုံးတဲ့ဒဏ်၊ ဥစ္စာဆုံးတဲ့ဒဏ်ဆိုတဲ့ ရန်သူမျိုးငါးပါးက ပေးတဲ့ ဘေးအန္တရာယ်ကို ကြိတ်မှိတ်ခံစားခဲ့ရပါတယ်။ မျက်ရည်နဲ့ မျက်ခွက်ဆိုသလို သာမန်လူသားတွေလို မျက်ရည်ကျ လောက်အောင်တော့ သောကမရောက်ဘူးပေါ့။
          သို့ပေမယ့် ပစ္စုပ္ပန်ကံက အစွန်းအထင်းမရှိအောင် စင်ကြယ်လေတော့ “ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ=တရားစောင့်သူကို တရားက ပြန်လည်စောင့်ရှောက်တယ်”ဆိုတဲ့ ဘုရားဟော ဒေသနာ အတိုင်း သူတော်ကောင်းမို့ နတ်ကောင်းမမှုနဲ့ ကြုံခဲ့ရတာပါ။ ပစ္စုပ္ပန်ကောင်းမှုကံကို ထမ်းထားခဲ့သူပေါ့။
ဒါကြောင့် သူဌေးကြီးဟာလည်း ဒဏ်ရောကံပါ ထမ်းခံရသူဖြစ်ပါတယ်။
                                        “ကမ္မသဘာဝ နိယာမ”
          ဆက်လက်ပြီး ဘုရားက နတ်သားနဲ့ သူဌေးကြီးတို့ကို သြ၀ါဒတရား ချီးမြှင့်တော်မူပါတယ်။
(က)ပါပေါပိ ပဿတိ ဘဒြံ၊ ယာဝ ပါပံ နပစ္စတိ။
      ယဒါစ ပစ္စတိ ပါပံ၊ အထ ပါပေါ ပါပါနိ ပဿတိ။
(ခ)ဘဒြောပိ ပဿတိ ပါပံ၊ ယာဝ ဘဒြံ နပဿတိ။
    ယဒါစ ပစ္စတိ ဘဒြံ ၊ အထ ဘဒြော ဘဒြာနိ ပဿတိ။
(က) ဤလောက၌ ယုတ်မာသော ပုဂ္ဂိုလ်သည်လည်း အကြင်ရွေ့လောက် မကောင်းမှုသည် အကျိုးကို မဖြစ်စေသေး။ ထိုရွေ့လောက် ကောင်းသောအကျိုးကို မြင်ရသေး၏။ အကြင်အခါ ထိုသူအား မကောင်းမှုသည် အကျိုးကို ဖြစ်စေ၏။ ထိုအခါ မကောင်းသော အကျိုးကိုသာ မြင်ရချေ၏။

 (ခ) ကောင်းမှုနဲ့ ပြည့်စုံသော ပုဂ္ဂိုလ်သည်လည်း အကြင်ရွေ့လောက် ကောင်းမှုသည် အကျိုးကို မပေးသေး၊ ထိုရွေ့လောက် မကောင်းကျိုးကို မြင်ရသေး၏။ အကြင်အခါ ကောင်းမှုသည် အကျိုးကိုပေး၏။ ထိုအခါ ကောင်းကျိုးကိုသာ မြင်ရ၏။
          (ဒီဒေသနာတော်ရဲ့ အဆုံးမှာ နတ်သားဟာ သောတာပန်တည်သွားပါတယ်)
          အနာထပိဏ္ဍိက ၀တ္ထု။  (ဓမ္မပဒ။ ၁၁၉။ ၁၂၀။ ဓမ္မ၊ ဋ္ဌ။ ၂။ ၉။)
အဟောင်းကံကြောင့် အကောင်းစံနေချိန်မှာ
အသစ်ကံက ဒုက္ခမပေးနိုင်သေး။
အဟောင်းကံကြောင့် မကောင်းဒဏ်ခံရချိန်မှာ
အသစ်ကံက သုခမပေးနိုင်သေး။        ။
မကောင်းကံ အကျိုးမပေးသေးသမျှ အကောင်းကံစံရ။
မကောင်းကံ အကျိုးပေးမှသာ မကောင်းဒဏ်ခံရ။
အကောင်းကံ အကျိုးမပေးသေးသမျှ မကောင်းဒဏ်ခံရ။
အကောင်းကံအကျိုးပေးမှသာ အကောင်းကံစံရ။        ။
ခါးစေ့စိုက်ပြီးမှ ချိုစေ့စိုက်ရင် ခါးသီးအရင်စားရမည်။
ချိုစေ့စိုက်ပြီးမှ ခါးစေ့စိုက်ရင် ချိုသီးအရင်စားရမည်။
တမာပင်ဆို အချိုမသီး။ (အကုသိုလ်ကံက သုခမပေး) (မကောင်းမှုမျိုး ၊ ကောင်းကျိုးမပေး)
သရက်ပင်များ အခါးမသီး။ (ကုသိုလ်ကံက ဒုက္ခမပေး) (ကောင်းမှုကံမျိုး ၊ ဆိုးကျိုးမပေး)
                                                     “ဓမ္မအမွေယူကြစေ”
အနာထပိဏ်သူဌေးကြီးဟာ အလှူအတန်းရက်ရောပါလျက် စီးပွားပျက်ခဲ့တယ်။ စီးပွာပျက် သော်လည်း သဒ္ဓါတရားမပျက်ခဲ့။ ပျက်ဖို့နေနေသာသာ နည်းနည်းလေးမှတောင် လျော့မသွားဘူး။ ဒါကြောင့် နေ့စဉ်လှူတဲ့ အလှူဝတ်လည်း မပြက်တောက်ခဲ့ဘူး။
      ဒီလိုနေရာမျိုးမှာ သာမန်လူသားတွေဟာ ကံတရားအပေါ်မှာ ယုံမှားလာတတ်တယ်။ လူလောကမှာလည်း အလှူပေးသူဖြစ်ပါလျက် စီးပွားပျက်မှုနဲ့ကြုံရတာတွေ၊ သီလစောင့်သူဖြစ်ပါလျက် ရောဂါထူရတွေ၊ ဒါန၊ သီလ၊ ဘာဝနာတရားတွေ နေ့စဉ်ပွားများနေပါလျက် လောကဓံကြီးကြီးနဲ့ တွေ့ရလို့ ဒုက္ခရောက်နေရတာတွေ ရှိတတ်ကြပါတယ်။ ဒီလိုအခါမျိုးမှာ ငါကောင်းတာတွေ လုပ်နေ ပါလျက်  ဘာလို့မကောင်းကျိုးတွေနဲ့ လာတွေ့နေရတာလဲ၊ ကောင်းတာလုပ်တဲ့ ငါ့ကိုမှ မကောင်းကျိုး တွေက ဘာလို့လာပေးနေရတာလဲ ဆိုတဲ့သဘောနဲ့ အနည်းဆုံးအားဖြင့်တော့ ကံတရားအပေါ်မှာ ယုံမှားမှုလေးတွေ ၀င်လာတတ်ပါတယ်။ ဘယ်သူမဆို ကံနဲ့ကံရဲ့အကျိုးတရားတွေကို သရုပ်မကွဲဘူး ဆိုရင် ကံနဲ့ကံရဲ့ အကျိုးတရားအပေါ်မှာ ယုံမှားမှုဆိုတာ ဖြစ်တတ်ကြတာပါပဲ။ ဒါကြောင့် ကံလေးပါးကို အကျဉ်းရှင်းပြလိုက်တယ်။
          (က) ဒိဋ္ဌဓမ္မဝေဒနိယကံ = မျက်မှောက်ဘ၀မှာ အကျိုးပေးတတ်သောကံ
          (ခ) ဥပပဇ္ဇဝေဒနိယကံ = ဒုတိယဘ၀မှာ အကျိုးပေးတတ်သောကံ
          (ဂ)အပရာပရိယဝေဒနိယကံ=တတိယဘ၀မှစ၍ သံသရာတစ်လျှောက် အကျိုးပေးတတ် သောကံ
(ဃ) အဟောသိကံ = လုံးဝအကျိုးမပေးဘဲ ပြုကာမျှသာဖြစ်သောကံ။
          ဥပမာ = လူသတ်သမားတစ်ယောက်ဆိုပါတော့၊ ဒီဘ၀မှာ လုပ်ကြံခံရတာ၊ လုပ်ကြံမခံရ ပေမယ့် ထောင်ကျတာစတဲ့ မကောင်းကျိုးတွေကို ခံရတာဟာ ပထမကံက အကျိုးပေးလို့ ဖြစ်တယ်။ (ပထမကံက အကျိုးမပေးတဲ့အခါမှာ သူသတ်မှန်းလည်း မသိ၊ လုပ်ကြံလည်း မခံရ၊ ထောင်လည်း မကျရဘဲ လွတ်မြောက်သွားတတ်တယ်။ လူတွေပြောနေကျအတိုင်းပြောရရင် ကံကောင်းတာပေါ့။)
          အဲဒီလူသတ်သမားဟာ တမလွန်မှာ အပါယ်ငရဲကျခံရင် ဒုတိယကံက အကျိုးပေးလို့ပေါ့။
 (ဒုတိယကံက အကျိုးမပေးသေးရင်တော့ သူလည်း အပါယ်မကျဘဲ သုဂတိဘုံဌာနသို့ ရောက်နိုင် ပါတယ်။)
          အဲဒီလူသတ်သမားဟာ အပါယ်မှ လွတ်လာတဲ့အခါ ဖြစ်လေရာဘ၀မှာ သူများသတ်လို့ သေရတာတို့၊ သူများမသတ်ဘဲ သဘာဝဘေးအန္တရာယ်တစ်မျိုးမျိုးကြောင့် အသေဆိုးနဲ့ သေရတာတို့၊ အသေကောင်းနဲ့ သေရသော်လည်း အသက်မရှည်ဘဲ အသက်အရွယ်ငယ်ငယ်လေးနဲ့ သေရတာ တို့ဟာ တတိယကံက အကျိုးပေးလို့ဖြစ်တယ်။ တတိယကံရဲ့လက်ချက်ကြောင့် ဖြစ်တယ်။ ဒီကံမျိုးကို ၀ဋ်ကြွေးလို့လည်း ခေါ်ရတယ်။ ဒီကံမျိုးကို ဘုရားတောင် မရှောင်နိုင်ဘူး။ ၀ိပါက်တော်(၁၂)ပါးဆိုတာ ဒီတတိယကံ (အပရာပရိယကံ) အကျိုးပေးတာကို ဆိုတာပေါ့။ ဒါကြောင့် အနာထပိဏ်သူဌေးကြီး စီးပွားပျက်မှာကို ဘုရားက ကြိုတင်သိပေမယ့် တားမြစ်မပေးနိုင်တာပေါ့။ ဒီကံဟာ အကောင်းကံလည်း ရှိတယ်။ အဆိုးကံလည်း ရှိတယ်။ ဘယ်သူမဆို ဒီကံနဲ့ မကင်းကြဘူး။ ဒီကံရဲ့ ကောင်းမွေဆိုးမွေကို ခံရစမြဲပဲဖြစ်တယ်။ ကောင်းတဲ့ကံက အရိပ်ပမာ မခွဲခွါပဲ အမြဲလိုက်ပြီး စောင့်ရှောက်တတ်သလို၊ မကောင်းတဲ့ကံက နွားခြေရာနောက်မှ လှည်းဘီးက ထပ်ကြပ်မကွာ လိုက်သလို အမြဲတန်းလိုက်နှိပ်စက်တတ်တယ်။
ကောင်းတာလုပ်နေသူဖြစ်ပါလျက် ဒုက္ခရောက်နေတာဟာ မကောင်းတဲ့ ဒီတတိယကံရဲ့ လက်ချက်ပဲ။ မကောင်းတာလုပ်နေသူဖြစ်ပါလျက် ကြီးပွားချမ်းသာရတာဟာလည်း ကောင်းတဲ့ ဒီတတိယကံရဲ့ လက်ရာပဲ။ ဒီကံကို သရုပ်မကွဲရင် ကံတရားအပေါ်မှာ ယုံမှားလာတတ်တယ်။ အရိပ်လည်းသူပဲ၊ အဆိပ်လည်းသူပဲ၊ ကောင်းတဲ့ကံက အရိပ်လို အေးမြပြီး၊ မကောင်းတဲ့ကံက အဆိပ်လို ဘေးခတယ်။
ကောင်းတာလုပ်နေတဲ့သူ။ ကောင်းတာလုပ်နေချိန်မှာ ကောင်းတဲ့ ဒီ(တတိယ)ကံက အကျိုးပေးတာနဲ့ တိုက်ဆိုင်နေလို့ ကြီးပွားနေတဲ့အခါ၊ မကောင်းတာ လုပ်နေတဲ့သူ၊ မကောင်းတာလုပ်နေချိန်မှာ မကောင်းတဲ့ဒီ(တတိယ)ကံက အကျိုးပေးတာနဲ့ တိုက်ဆိုင်နေလို့
အတိဒုက္ခရောက်နေရတဲ့အခါမျိုးမှာ ယုံမှားစရာ မလိုပေမဲ့ ကောင်းတာလုပ်နေတဲ့သူ၊ ကောင်းတာလုပ်နေချိန်မှာ မကောင်းတဲ့ ဒီ(တတိယ)ကံက အကျိုးပေးတာနဲ့ လာပြီးတိုက်ဆိုင်နေလို့ ဆင်းရဲဒုက္ခရောက်ရတဲ့အခါ၊ မကောင်းတာလုပ်နေတဲ့သူ၊ မကောင်းတာလုပ်နေချိန်မှာ ကောင်းတဲ့ ဒီ(တတိယ)ကံက အကျိုးပေးတာနဲ့ လာတိုက်ဆိုင်ပြီး ကြီးပွားချမ်းသာနေတဲ့ အခါမျိုးမှာ ကံတရားအပေါ်မှာ ယုံမှားလာတတ်တယ်။ တကယ်တော့ ကံရဲ့သဘောတရားကို နားမလည်လို့ ယုံမှားမိတာပါ။
          အဟောသိကံဆိုတာကတော့ = အချည်းနှီးကံကို ပြောတာပေါ့။ အဖိုပင်တွေ အသီးမသီးသလို အကျိုးပေးလေ့မရှိတဲ့ ကံကိုဆိုလိုတာပေါ့။ ပထမကံက ပထမဘ၀မှာ အကျိုးမပေးရင် အဟောသိကံ ဖြစ်သွားပါတယ်။ (လုပ်လကားကြီးပေါ့) ဒုတိယကံက ဒုတိယဘ၀မှာအကျိုးမပေးရင် အဟောသိကံ ဖြစ် သွားပါတယ်။ (လုပ်လကားကြီးပေါ့) ဥပမာ = အင်္ဂုလိမာလ လူသတ်ခဲ့တဲ့ အကုသိုလ်ကံ၊ ဘုရားရဟန္တာတွေ နေ့စဉ်ပြုနေတဲ့ ကုသိုလ်ကံတွေဟာ အဖိုပင်လိုပဲ (ဘ၀အသီး သံသရာအသီး မသီးတော့တာက) အဟောသိကံဖြစ်သွားပါတယ်။
ဒီကံသရုပ်ကို နားလည်သွားအောင် တစ်ခါခိုး=တစ်ခါမိ၊ တစ်ခါထောင်ကျသူ။ အများကြီးခိုးပေမယ့် = တစ်ခါပဲမိပြီး၊ တစ်ခါပဲထောင်ကျသူ။ မခိုးတော့ဘဲ ရှောင်ကြဉ်ပါမှ အမှုဟောင်းပေါ်လို့ ထောင်ကျသူ။
လုံးဝမခိုးဘဲနဲ့ မတရားစွပ်စွဲခံရပြီး ထောင်ကျသူ။ ဒီလူတွေကို ဘယ်ကံက အကျိုးပေးနေတာလဲဆိုတာ သရုပ်ခွဲကြည့်စေချင်တယ်။
          ဒီတတိယကံဟာ ကောင်းတဲ့ကံဖြစ်ရင် ကံကြီးရှင်တွေအပေါ်ထီးလို အရိပ်ပေး တတ် တယ်။ ဒီတတိယကံဟာ မကောင်းတဲ့ကံဖြစ်ရင် ကံကြီးရှင်တွေကို မီးလိုအဆိပ် ကျွေးတတ် တယ်။ဒါကြောင့်အနာထပိဏ်သူဌေးကြီးလိုကောင်းတဲ့ကံတွေရဲ့ကောင်းတဲ့ဓမ္မအမွေတွေကိုယူနိုင်ဖို့ဘ၀မှာဘယ်လိုအခက်ခဲတွေနဲ့ပဲကြုံကြုံ (မိုးခါးရေမသောက်ဘဲ)
(၁၃)
ကောင်းတဲ့ကံတွေကို အမြဲမပြတ်ဆည်းပူတတ်ကြဖို့ လိုတယ်ဆိုတယ်အကြောင်း အနာထပိဏ် သူဌေကြီးက  သက်သေပြသွားခဲ့တယ်။ 

ရှင်လူသတ္တ၀ါ၊ ထိုများစွာကား၊ အပရာပရိယ၊ ကံကိစ္စနှင့်၊ ကင်းကြသူတည်း၊ မည်မရှိရှင့်၊   မသိနိုင်တောင်း၊ ကံဆိုးကောင်းကို၊ ဦးခေါင်းရွက်၍၊ အချက်သင့်ရာ၊ ခံရစွာ၏။ ရေမှာရေဟူ၊ ကုန်းမူကုန်းလျောက်၊ ကျိုးရောက်ပြစ်ကျ၊ ကံပစ်ချတိုင်း၊ တွေ့ကြကြုံကြ၊ ခံကုန်ရခဲ့။                 
                                                                                                    (မဃဒေ၀။၂၆၄။)
                                             “လောင်စာနဲ့ဥစ္စာ” 
 ကျေးဇူးရှင်ဝေဘူဆရာတော်ကြီး သက်တော်ထင်ရှားရှိစဉ်ကာလတုန်းက ဝေဘူဆရာ တော်ကြီးဟာ ကျောက်ဆည်မှာ အမြဲဝါဆိုပြီး၊ ကျန်ရှစ်လကို လေးလစီခွဲပြီး ရွှေဘိုတစ်လှည့် အင်ကြင်းပင်တစ်လှည့် သီတင်းသုံးတော်မူပါတယ်။ ဆရာတော်ကြီးဟာ ရွှေဘိုမှာ မီးဘေးကျရောက်မယ်မှန်း ကြိုတင် သိတော်မူလို့ ရွှေဘိုမြို့မှာ ရေကန်တွေ အများအပြား တူးစေပါတယ်။ သို့သော်လည်း သီးချိန်တန်သီး မှည့်ချိန်တန်မှည့်ဆိုသလို အတိတ်ကံတွေက ရင့်သန်လာလို့ ရေကန်တွေမပြီးသေး ခင်မှာပဲ မီးဘေးကျရောက်လာ ခဲ့ပါတယ်။ ဒီအခါမှာ ဆရာတော်ကြီးက “သတ္တ၀ါတွေကို ကိုယ်ကယ်ချင်တိုင်း ကယ်လို့မရဘူး”လို့ မိန့်တော်မူပါတယ်။ အနာထပိဏ်စီးပွားပျက်တာကို ဘုရားက မကယ်နိုင်သလို မျိုးပေါ့။
လောကမှာ ပုဂ္ဂလဓိဋ္ဌာန်တရားနဲ့ ဓမ္မဓိဋ္ဌာန်တရားရယ်လို တရားနှစ်မျိုးရှိပါတယ်။ ပုဂ္ဂလဓိဋ္ဌာန်တရားမှာ ပုဂ္ဂိုလ်သတ္တ၀ါက ဓမ္မကိုဦးဆောင်ပြီး၊ ဓမ္မဓိဋ္ဌာန်တရားမှာ ဓမ္မက ပုဂ္ဂိုလ်ကို ဦးဆောင်ပြဌာန်းပါတယ်။ ဥပမာ= သေနတ်ပစ်တဲ့လူတစ်ယောက်ဟာ ရန်သူကို ပစ်မှာလား မိတ်ဆွေကို ပစ်မှာလားလို့ မပစ်ခင်မှာ စဉ်းစားရွေးချယ်နိုင်ခွင့်ရှိပါတယ်။ ဒီအဆင့်ဟာ ပုဂ္ဂိုလ်က ကျည်ဆန်ကို ဦးဆောင်တဲ့ ပုဂ္ဂလဓိဋ္ဌာန်အဆင့်ပေါ့။ ခလုတ်နှိပ်မောင်းဖြုတ်ပြီးတဲ့ အခါမှာတော့ ကျည်ဆန်ဟာ သူ့လမ်းကြောင်းအတိုင်း သူသွားမှာဖြစ်ပါတယ်။ ရန်သူမှတ်လို့ သားကိုပစ်မိလည်း ကျည်ဆန်က မတတ်နိုင်တော့ပါဘူး။ ဒီအဆင့်ဟာ ကျည်ဆန်က ပုဂ္ဂိုလ်ကို ဦးဆောင်တဲ့ ဓမ္မဓိဋ္ဌာန်အဆင့် ဖြစ်ပါတယ်။ ဒီသဘောအတိုင်း သတ္တ၀ါတွေဟာ ကံကိုအားမထုတ်ခင် အဖြူ အမည်းရွေးချယ်နိုင်ခွင့်ရှိပါတယ်။ အားထုတ်ပြီးတဲ့ အခါမှာတော့ အဖြူကံက အဖြူကျိုးပေးမှာကို အမည်းအကျိုးပေးခိုင်းလို့ မရတော့ပါဘူး။ အမည်းကံက အမည်းကျိုးပေးမှာကို အဖြူကျိုးမျှော်ကိုးလို့ မရတော့ပါဘူး။ ဒါကြောင့် မြတ်စွာဘုရားရှင်တို့မည်သည် သတ္တ၀ါတွေကို လမ်းညွှန်ရုံသာ တတ်နိုင်တဲ့
နယဒေသက-လောကဒေသက-လမ်းညွှန်ရှင်သာဖြစ်ပါတယ်။ သတ္တ၀ါတွေရဲ့ကိုယ်စား သတ္တ၀ါတွေရဲ့
အပြစ်ကို ကြားခံကယ်တင်ပေးတဲ့ ကယ်တင်ရှင်ဘုရား မဟုတ်ပါဘူး။ ဘယ်သူမပြု မိမိမှု ဆိုတဲ့အတိုင်း
ကိုယ့်ပြစ်ကိုယ်ခံ ကိုယ်သာတရားခံ အစစ်၊ကိုယ့်ပြစ်ကိုယ်စံ ကိုယ်သာ တရားမှန် အစစ်ဖြစ်လို့ ဝေဘူဆရာတော်ကြီးက “သတ္တ၀ါတွေဟာ ကိုယ်ကကယ်ချင်တိုင်း ကယ်လို့ရကောင်းတာမဟုတ်ဘူး” လို့ မိန့်ဆိုတော်မူခြင်း ဖြစ်ပါတယ်။
           အဲဒီ မီးဘေးထဲမှာ ဆရာတော်ကြီးရဲ့ တပည့်ရင်း ဒကာမကြီးတစ်ယောက်လည်း ပါသွားခဲ့ပါတယ်။ စည်းစိမ်ဥစ္စာမပြောနဲ့ အသက်ကို မနည်းလုပြီး ထွက်ပြေးခဲ့ရလို့ ခါးဝတ်ခါးစားတောင် အနိုင်နိုင် သယ်ခဲ့ရတဲ့ ဒကာမကြီးဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာတွေ တစ်ပြားတစ်ကျပ်မှ ပြန်မရလေတော့ သောကဖိစီးပြီး ပဋာစာရီလို အရူးတစ်ပိုင်း ဖြစ်နေရှာပါတယ်။ ဒီအခါ ဝေဘူဆရာတော်ကြီးကတော့ ကယ်တင်နိုင်မှာပဲ ဆိုတဲ့ အတွေးနဲ့ ဆရာတော်ကြီးထံ အပြေးအလွှား ရောက်လာပါတယ်။ ရောက်ရောက်ချင်းပဲ ဆရာတော်ဘုရား တပည့်တော်မကို ကယ်တော်မူပါ။ တပည့်တော်မ ဥစ္စာတွေမီး လောင်ကုန်ပါပြီဘုရားလို့ လျှောက်ထားပါတယ်။ ဆရာတော်က ဘာမှ ပြန်မမိန့်ပါဘူး။ ဒီလိုနဲ့ နောက်
နှစ်ကြိမ်ထပ်လျှောက်ထားပါတယ်။ နောက်ဆုံးအကြိမ် လျှောက်ထားအပြီးမှာတော့ ဆရာတော်ကြီးက  “ဒကာမကြီး ဒကာမကြီးရဲ့ဥစ္စာတွေ မီးမလောင်ပါဘူး” လို့ မိန့်တော်မူပါတယ်။ ဆရာတော်ကြီးရဲ့ ဆိုလိုရိပ်ကို မသိလေတော့ ဒကာမကြီးက “ဟုတ်ပါတယ်ဘုရား တပည့်တော်မ ဥစ္စာတွေ
မီးထဲပါသွားတာ တကယ်ပါဘုရား”လို့ ထပ်ခါတလဲလဲ လျှောက်ထားပြန်ပါတယ်။ ဒီအခါမှ ဆရာတော်ကြီးက ဒကာမကြီးရဲ့ ဥစ္စာတွေ မီးလောင်သွားတာ မဟုတ်ပါဘူး အမှိုက်တွေသာ မီးလောင်သွားတာပါ လို့ မိန့်တော်မူမှ မီးဘေးသင့် ဒကာမကြီးဟာ ဥစ္စာနဲ့လောင်စာ ခွဲခြားနားလည် သွားပြီး သောက အပူတွေ ငြိမ်းအေး သွားခဲ့ပါတယ်။ ဆရာတော်ကြီး စကားအရ……………..
          ဥစ္စာဆိုတာ ဘာလဲ? ၊ အမှိုက်ဆိုတာ ဘာလဲ?။
          မီးဟာ ဥစ္စာကိုလောင်တာလား?၊ အမှိုက်ကို လောင်တာလား?၊
          မီးလောင်သော အရာဟာ ဘာလဲ?၊ မီးမလောင် နိုင်သော အရာဟာ ဘာလဲ?၊
          ဒီမေးခွန်းတွေကို ဖြေကြည့်ရင် ဥစ္စာနဲ့လောင်စာ ကွဲပြား လာလိမ့်မယ်။ ဒါဆိုရင် အမှိုက်ကို ရွှေဖြစ်အောင် လုပ်ရမယ်။ လောင်စာကို ဥစ္စာဖြစ်အောင် လုပ်ရမယ်။ အကာကို အနှစ်ဖြစ်အောင် လုပ်ရမယ်။ ဒါမှသာလျှင် ဘုန်းဘုန်းတို့ ဒကာ-ဒကာမတွေဟာ မီးမလောင်နိုင်တဲ့ ဥစ္စာနှစ်၊ဥစ္စာစစ်ကို ရရှိပိုင်ဆိုင်ပြီး မီးဘေးသောကမှ ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။
          တပည့်မောင်သန်းစိုးဝင်း ပြောကြားပြ၍ အခုလို မီးဘေးသင့်တဲ့ အချိန်မျိုးမှာတောင် ဒကာမ ဒေါ်ညိုညိုစန်းသည် နေ့စဉ်ပြုနေကြ နိစ္စဘတ်အလှူဖြစ်တဲ့ သံဃာတော်များကို ဆွမ်းလောင်းလှူတဲ့ ကုသိုလ်ကိုလည်း ဆက်လက်လှူဒါန်းနိုင်ကြောင်း၊ ကုသိုလ်လုပ်ငန်းများ ရပ်နားမထားကြောင်း၊ ဘုန်းဘုန်းကို ထောက်ပံ့မြဲဖြစ်တဲ့ ဆွမ်း၊ ကွမ်း၊ ဘောဇဉ်၊ အာဟာရအတွက် န၀ကမ္မ၀တ္ထုငွေ၅၀၀၀ (ငါးထောင်)ကျပ်ကို လှူလိုက်သေးကြောင်း၊ ဒါ့အပြင် ဘုရားသွား ကျောင်းတက်ကုသိုလ်စက် မပြတ် လည်ပတ်နိုင်ခဲ့ကြောင်း သိရလို့ ဘုန်းဘုန်းသာဓုခေါ်မိသေးတယ်။ လူတွေပြောပြနေတဲ့ ကိုယ့်နောက်မှာ အမြဲလိုက်ပါနေမယ့် အနု¨ဂါမိက ရွှေအိုးဆိုတာ အပရာပရိယ (တတိယ) ကုသိုလ်ကံ ဖြစ်ပါတယ်။
ဒီကုသိုလ်ကံဟာ သံသရာမှာ မနှိမ့်ကျအောင်၊ အထက်တန်းက နေရအောင်၊ အဆင့်အတန်း မြင့်အောင် မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘုရားဆွမ်းတော်ကပ်သည်ဖြစ်စေ၊
သံဃာတော်များကို ဆွမ်းလောင်းလှူသည်ဖြစ်စေ၊ ဘုန်းဘုန်းအတွက် လှူဒါန်းထောက်ပံ့ သည်ဖြစ်စေ အလှူဒါနပြုတိုင်း ပြုတိုင်းမှာ နိဗ္ဗာန်ဆုကို တောင်းပါ။ နိဗ္ဗာန်ရည်မှန်းလှူဒါန်းတဲ့ ကုသိုလ်ကံကြောင့် ဒီဘ၀မှာလည်း လိုရာဆန္ဒနဲ့ ပြည့်စေနိုင်ပါတယ်။
          မီးဘေးသင့်ခံရချိန်မှာတောင် အလှူရေစက် လက်နဲ့မကွာ လှူဒါန်းနိုင်ခဲ့တဲ့ ဒကာမဒေါ်ညိုညို စန်းသည် အနာထပိဏ်သူဌေးကြီးလို နိဗ္ဗာန်ထိအောင် စောင့်စရာမလိုပဲ မျက်မှောက်ဘ၀မှာ စည်းစိမ်ဥစ္စာများနဲ့ ပြန်လည်ပြည့်စုံပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့ ဘာသာအကျိုး သာသနာအကျိုးကို ဆထက်ထမ်းပိုး တိုး၍သယ်ပိုးနိုင်ပါစေသတည်း။

                                                                             အရှင်ဝီရသူ (မစိုးရိမ်)
                                                                                (၂၁-၃-၂၀၀၈)

No comments:

Post a Comment